← Religious Q&A

ကဆုန်လ ၊ ဝါဆိုလ ဟူသည် . . .

A devotee
·10/22/2026·0

မြတ်စွာဘုရားနှင့် ကဆုန်လ ဝါဆိုလအမည်များ

မေး။ ။ အရှင်ဘုရား၊ မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ ပဋိသန္ဓေနေ၏။ ကဆုန်လပြည့်နေ့၌ ဖွားတော်မူ၏ဟု မြန်မာတို့ သိနေကြပါသည်။ ထိုအချိန်က ထို(မဇ္ဈိမ)ဒေသ၌ ထိုလအမည်များ ရှိမည်မဟုတ်ပါ။ သို့ပါလျက် ဝါဆိုလ ကဆုန်လဟု အဘယ်ကြောင့် ခေါ်ဆိုနိုင်ကြောင်း ဖြေကြား ပေးတော်မူပါဘုရား။

ဦးသင်းမောင် (ကျောင်းဆရာ)၊ မန္တလေး။

ဖြေ။ ။ ဗုဒ္ဓဝင်တွင် “မဟာပုရိသော ပန ဥတ္တရာသဠာနက္ခတ္တေနေဝ မာတု ကုစ္ဆိ သြက္ကမိ” စသည်ဖြင့် ပါရှိပါသည်။ ထိုအချိန်က ထို(မဇ္ဈိမ)ဒေသတွင် ကဆုန်လ၊ ဝါဆိုလ စသော အမည်များကို မခေါ်သော်လည်း စန်းယှဉ်နက္ခတ် အမည်များဖြင့် ဘယ်နက္ခတ်စန်းယှဉ်ချိန် ပဋိသန္ဓေနေသည်၊ ဘယ်နက္ခတ်စန်းယှဉ်ချိန် ဖွားတော်မူသည် စသည်ဖြင့် မှတ်တမ်းပြုခဲ့ပါသည်။

ထို့ကြောင့် ဥတ္တရာသဠ်နက္ခတ်နှင့် စန်းယှဉ်သော ဝါဆိုလပြည့်၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သော ကဆုန်လပြည့် စသည် တိတိကျကျသိရှိ၍ ဝါဆိုလပြည့်၊ ကဆုန်လပြည့်များဖြစ်ကြောင်း ဆိုပါသည်။

.

ဘဒ္ဒန္တတိလောကသာရ

ကဆုန်လ ၊ ဝါဆိုလ ဟူသည် . . . | Walk with goodness, live each day in Mingalar Thukha.