ဇနီးဖြစ်သူ ဆွမ်းလောင်းလျှင် ခင်ပွန်းဖြစ်သူ ကုသိုလ်ရပါသလား-?

ဇနီးဖြစ်သူ ဆွမ်းလောင်းလျှင် ခင်ပွန်းဖြစ်သူ ကုသိုလ်ရပါသလား-?
*****************************************************
ဇနီးဖြစ်သူက ဆွမ်းလောင်းတဲ့အခါ
ခင်ပွန်းဖြစ်သူ ကုသိုလ်မရပါဘူး။
ဒါဟာ…အမျိုးသားတွေ အထူး သတိပြုစရာကောင်းတဲ့ အချက်ပါပဲလို့ စာမှာ ဆိုထားပါတယ်။ တချို့က…ယောက်ျားဖြစ်သူ ရှာထားတဲ့ ပစ္စည်းနဲ့လှူဒါန်းတာ ဖြစ်တဲ့အတွက်မိန်းမလှူလျှင် ယောက်ျားလဲ ကုသိုလ်ရတယ်လို့ ထင်နေကြပါတယ်။
တကယ်တော့…ပစ္စည်းကို ဘယ်သူရှာတယ် ၊ ဘယ်သူပိုင်တယ် ဆိုတာနဲ့ မဆိုင်ပါဘူး။ သေလို့ သပိတ်သွတ်တဲ့အခါ… သေသူပိုင်တဲ့ ပစ္စည်းနဲ့လှူလို့ သေသူ ကုသိုလ်မရပါဘူး။ သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘဝရောက်လို့ သာဓုခေါ်နိုင်တဲ့ နေရာမှာရောက်နေလို့ သာဓုခေါ်ဆိုမှသာ သာဓုခေါ်တဲ့ ပတ္တာနုမောဒနကုသိုလ်သာ ရပြီး အကျိုးခံစားရတယ်လို့ စာမှာ ဆိုထားပါတယ်။
ဒါကိုကြည့်လျှင်… သူ့ပစ္စည်းကို လှူလို့ သူကုသိုလ်ရတာ မဟုတ်ပါဘူး။ သူတော်ကောင်းတို့ နားလည်အောင် ပြောပြရလျှင် အလှူခံ ပုဂ္ဂိုလ် လှူဖွယ် ပစ္စည်း ပေးလှူတဲ့ စေတနာ ပေးလှူခြင်းဆိုတဲ့ ဒါနအင်္ဂါ လေးပါးရှိပါတယ်။
ဇနီးဖြစ်သူ ဆွမ်းလောင်းတဲ့အခါ ခင်ပွန်းဖြစ်သူ ကုသိုလ်မရဘူးဆိုတာက ဒါနပြုရာမှာ အရေးကြီးဆုံးဖြစ်တဲ့ ( ပေးလှူတဲ့ စေတနာ) မရှိတဲ့ အတွက် ကုသိုလ်မရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
#ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ… ဇနီးဖြစ်သူက ပတ္တိဒါနလို့ခေါ်တဲ့ ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတဲ့အခါ… ခင်ပွန်းဖြစ်သူကို ကုသိုလ် ရစေချင်လို့ အမျှပေးဝေတဲ့အခါ… ခင်ပွန်းဖြစ်သူက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုမှသာ ကုသိုလ်ရသွားပါလိမ့်မယ်။
အကုသိုလ်နှင့် ကုသိုလ်နှစ်ပါး
ကံတရားကား
မယားပြုရာ စိတ်မပါလျှင်
လင်မှာ မရ
လင်ပြုကလည်း
မယားအိမ်သူ စိတ်မတူသော်
မှတ်ယူမှန်စွာ မရရာဘူး။
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )













