သမထ ဆိုတာဘာလဲ ?

စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုကို ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့သမာဓိတရားဟာ “သမထ”
“သမထ” ဆိုတာ ဘာလဲလို့မေးရင် ကာမစ္ဆန္ဒ စတဲ့ ဆန့်ကျင်ဘက် တရားများကိုငြိမ်သက် ပျောက်ကင်းစေနိုင်တဲ့ တရားလို့ အဓိပ္ပါယ် ရတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုကို ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့သမာဓိတရားဟာ “သမထ” ပဲ ဖြစ်တယ်။
လူတွေရဲ့စိတ်ဟာ အာရုံနဲ့တွေ့ရင် လှုပ်ရှား ယောက်ယက်ခတ်မှုတွေ ဖြစ်တယ်။စဉ်းစားကြည့်ပေါ့။ အာရုံနဲ့တွေ့လို့ လောဘဖြစ်ရင်လည်း စိတ်လှုပ်ရှားတာပဲ။ ယောက်ယက်ခတ်တာပဲ။ ဒေါသဖြစ်ရင်လည်း ယောက်ယက်ခတ်တာပဲ။ မောဟဖြစ်ရင်လည်း တွေဝေပြီး ယောက်ယက်ခတ်တာပဲ။
ဒီလို စိတ်ယောက်ယက်ခတ်မှုမျိုးတွေကို ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့ ကမ္မဋ္ဌာန်းအကျင့်ကို “သမထ” လို့ ခေါ်တယ်။
ဒါ့အပြင် အဆိုပါ “သမထ” အကျင့်ဖြင့် ရရှိလာတဲ့“သမာဓိစွမ်းအား”ဟာလည်း ယောက်ယက်ခတ်တဲ့
စိတ် အခြေအနေများကို ပျောက်ကင်းစေနိုင်သည့်အတွက် တကယ့် “သမထ” ဖြစ်တယ်။
ဒါကြောင့် ကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ သမာဓိ ၂-မျိုးလုံးပင် “သမထ” လို့ ခေါ်ရမှာ ဖြစ်တယ်။
စာပေကျမ်းဂန်များမှာ “ပစ္စနီကဓမ္မေ သမေ-တီတိ သမထော” လို့ ဖွင့်ဆိုကြတယ်။ ဆန့်ကျင်ဘက် တရားများကို ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့ တရားကို “သမထ” လို့ဆိုလိုတာ ဖြစ်တယ်။
ပါချုပ်ဆရာတော်ဘုရားကြီး













